Sunday, December 12, 2010

အမေ

          အမေသည် ပြောင်းလဲ၍ နေလေပြီ။
အမေသည် ထိုင်ပြုနေသည်ဟူ၍မရှိ၊ အိပ်ရာထဲ အမြဲတစေလိုလှဲနေသည်။ အမေ့စိတ်တွင်း၌ မပြောနိုင်အောင် ရှုပ်ထွေးနောက်ကျိလျှက်ရှိနေသည်။ နားထဲသို့ဝင်လာသော အသံဗလံတွေကလည်း ဒုက္ခပေးသည်။မျက်စိတွင်မြင်ရသည့်အရာတွေကလည်း ဒုက္ခပေးသည်။ အိပ်ရာထဲတွင် မျက်စိကို တအားမှိတ်လျှက် နားကိုလက်ဖြင့်တအားဖိပိတ်ထားကာ ရှုံမဲ့ကြုံ့ကွေးအိပ်နေသည်။
 
“အမေ ထပါဦး၊ ကော်ဖီသောက်ပါဦး”

မျက်စိကိုအတင်းမှိတ်ထားသဖြင့် ရှုံတွနေသည့်မျက်နှာနှင့်ပင် မှေးမှေးဖွင့်ကြည့်သည်။ မျက်လုံးများမှာ အလင်းရောင်ကိုမမြင်ရသကဲ့သို့ ကြောင်တက်တက်ဖြစ်နေသည်။ နားများတွင်ပိတ်ထားသောလက်များကို ဆွဲကိုင်ဆန့်လိုက်သောအခါ၊ ကွေးတားသည့် အင်္ကျီလက်၌ ချွေးတွေ ရွှဲနေသည်။

“အမေထပါဦး၊ ချွေးတွေရွှဲလို့ပါလား”

အမေသည် အိပ်ရာက အထူမှ မစောင့်ပဲ သူ့ဟာသူ ငေါက်ကနဲ ထလိုက်သည်။

“ အမေ ဒီမှာ ကော်ဖီ”

အမေသည် စိတ်ထဲက အတောမသတ် တွေးတောနေသည့် အကြောင်းကို တွေးတောရင်း ကော်ဖီကို သောက်မှန်းမသိ ဖြေးဖြေးနှေးနှေးသောက်လေသည်။

“ အမေ အိပ်ချည်းမနေပါနဲ့၊ ခုလိုထိုင်ပြုနေပါဦး။ ခုလို တစ်အိပ်ထဲအိပ်....။

အမေသည် ကော်ဖီပန်းကန်ကို ယူလိုက်သည်နှင့် လှဲချလိုက်သည်။ မျက်စိကိုတအားမှိတ်လျှက် နားများကို လက်နှစ်ဖက်ဖြင့်ပြန်ပိတ်ထားသည်။

အမေ့ကို ဖျောင်းဖျလို့မရ။ လင်ကိုသတ်မှာလား ၊သားသမီးတွေကို သက်မှာလား၊ အမေကိုသတ်မှာလား မသိနိုင်အောင်ဖြစ်ကာ မရေမရာ ရှုပ်ထွေးပူပန်နေပေသည်။
စိတ်ကူးထတြွင်ရောက်နေသည့် ဘေးရန်တွေကို လွှတ်မြောက်ချမ်းသာအောင် ရောက်တတ်ရာရာ တွေးတောကြံစည်နေသည်။ ထင်ရာမြင်ရာတွေ တွေးတောနေသော ပျံ့လွင့်နေသည့် အာရုံကို နှောင့်ယှက်မည့် အရာဝထ္ထုများအား ဖယ်ရှားပြစ်သည်။ ဘယ်အသံမှ မကြားချင်၍ နားပိတ်ထားသည်။
ဘယ်အရာမှမမြင်လို၍ မျက်စိကိုမှိတ်ထားသည်။ မျက်မှောက် ထိတွေ့မြင်ကြားသိရှိနေသည့် အာရုံများနှင့် လွတ်ကွာနေပေ၏ အမေ့စိတ်ထဲတွင် “ အစားများများစားရင်လင်သားဒုက္ခဖြစ်မှာလား” ဟု ထင်မြင်လာလျှင် အစားကိုမစားပဲနေလေသည်။ အမေ့စိတ်ထဲတွင် “ စကားများပြောလျှင် သားသမီးတွေ ဒုက္ခဖြစ်မှာလား....” ဟု ထင်မြင်လာလျှင် စကားကိုအရှင်း မပြောပဲနေလေသည်။ တစ်ခါတစ်ရံ မျက်စိထဲမြင်လိုက်သည့်အရာကို အနက်အဓိပ္ပာယ်ကောက်ယူသည်။ အမေ့စိတ်ထဲတွင် ကြားလိုက်ရ၊ မြင်လိုက်ရသည့် အထဲမှ ဆိုးရိမ်စရာမရှိသော အဓိပ္ပာယ်တွေဟု ကောက်ယူထင်မြင်သွားလျှင် အိပ်ရာထဲတွင် အသက်မရှူပဲ အောင့်ထားသည်။

“ အမေ အသက်ရှူလိုက်ပါ အမေ ဒီလိုအောင့်မနေပါနဲ့၊ ရှူပါအမေရယ် ရှူပါ...”

အမေသည် အသက်ကိုမရှူပဲတမင် အောင့်နေသည်။ အသက်မရှူနိုင်အောင် ပင်ပန်းကြီးစွာ အောင့်ထားသည်။ အသက်ကို အတန်ကြာကြာ မရှူပဲ ချုပ်တည်းအောင့်ထားသည်။ ခံစားရသောမွန်းကြပ်သည့် ဝေဒနာနှင့်အမေ့မှာ သူတပြန် ငါတပြန် ဖြစ်နေလေသည်။ ရင်ထဲ၌ ကြပ်ဆို့လွန်း၍ မခံမရနိုင်ဖြစ်လာသဖြင့်လည်း ရှူလိုက်ချင်သည်။ သို့သော် စိတ်ထဲတွင်ဆွဲလန်းထားသော အာရုံက ဆွဲချုပ် ညှစ်အစ်ထားသည်။ အမေသည် မရှူမိအောင် အတင်းအောင့်နေသည်။ အမေ၏ ရင်ခေါင်းထဲမှ “ အင်း...” ဆိုသောအသံကြီး ကျယ်လောင်စွာမြည်လညသည်။ ထိုအသံမှ မရပ်ပဲ တဆက်ထဲ အောင့်အောင့်ကြီး မြည်ထွက်နေသော အသံကြီးဖြစ်သည်။

“ အမေ ရှူလိုက်ပါ၊ အမေ မောမယ် ရှူပါ...”

အမေ ကိုတစာစာဝိုင်းပြောကြသည်။ အမေ့ကို ကိုယ်လှုပ်ပြီး သတိပေးနေကြရာ အမေတကိုယ်လုံး လှုပ်ယမ်းနေသည်။ အမေသည် မခံမရပ်နိုင်သည့်အဆုံးကျမှ အသက်ရှူထုပ်လိုက်သည်။ အမေမှာ မောဟိုက်နေပေသည်။ ဖုတ်လှိက် ဖုတ်လှိက်နှင့်အသက်ပြန်ရှူရင်း စုံမှိတ်ထားသည့် မျက်လုံးများ ဖွင့်လှန်ကာ တစုံတရာကို လိုက်ရှာကြည့်နေသည်။ ထို့နှောက် မျက်တောင်များ တဖျပ်ဖျပ်ခတ်ကာ တစုံတရာကို စဉ်းစားနေသည်။

“ သတိထားပါအမေရယ် စိတ်ကောင်းကောင်းထားပါ။ အမေတွေးထင်နေသလို ဘယ်သူမှ ဘာမှမဖြစ်ပါဘူးအမေရဲ့။ ဒီလိုမလုပ်ပါနဲ့ အမေရယ် အမေပဲပင်ပန်းတာပေါ့...”

“ အမေ သေချင် သေပါစေ.....”

အမေသည် မျက်စိများပြန်မှိတ်ကာ နားကိုလက်နှစ်ဘက်ဖြစ်ပိတ်၍ နှုတ်ကတိုးတိုးပြောသည်။

(၂)

အမေသည် ပြောင်းလှဲ၍လာပြန်ပြီ.......။
အမေသည် တအိပ်ထဲအိပ်မနေတော့ချေ။ အိပ်ရာထဲတွင် တချိန်လုံးလုံး အိပ်မနေတော့ပဲ ထိုင်ထသွားလာနေပြန်ပေသည်။ အမေ၏ မျက်စိများမှာ ကျီးကန်းတောင်မှောက်ကြည့်တတ်လျှက် တစ်နေ့တစ်နေ့ ဘယ်နှစ်ခါဟုမပြောင်နိုင်အောင် အောက်ဆင်းလာလိုက် အိမ်ပေါ်တက်လိုက်လုပ်နေသည်။ ရုပ်တရက် လှေကားမှ ချေသံမကြားအောင်းဆင်းလာပြီး ဟိုလိုလို ဒီလိုလိုနှင် ပြန်တက်သွားပြန်သည်။ မြို့ထဲတွင်အမေနေမကောင်းဘူးဟု သတင်းဖြစ်ကာ လူအများလာရောက်သတင်းမေးမြန်းကြသည်။ သတင်းမေးမြန်းရန်လာရာက်သောသူမှာ အမေအလိုရှိသောသူဖြစ်က ဘာမှမဖြစ်သလို ကောင်းကောင်းမွန်မွန်စကားထိုင်ပြောင်ကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကအကြောင်းများပင် စပ်မိလျှင် စီကာပတ်ကုန်းပြန်ပြောပြသည်။
အမေသည် အမေ ငယ်ရွယ်စဉ်ကအကြောင်းကိုပင်မဟုတ် အမေ၏ အမေငယ်စဉ်က အကြောင်းများပင် သတိတရ ပြန်ပြောတတ်သည်။

“ အဒေါ်တို့အမေဟာ ငယ်ငယ်လေးကတည်းက အင်မတန်သနပ်ခါးကြိက်တယ်။ တစ်နေ့တော့ အိမ်ကို သူခိုးလာခိုးတာ ဒေါ်တို့ အမေကမြင်လိုက်လို့ ခြင်ထောင်ထဲကနေ သူခိုး...သူခိုး လို့ကုန်းအော်တာ။ သူခိုးဖမ်းမိလို့ ရုံးတင်စစ်တော့ အဒေါ်တို့အမေနဲ့ အသိသက်သေတွေ စစ်ဆေးပြီး သူခိုးကို အချုပ်ထဲပြန်ခေါ်သွားကာနီး “ လုံမရယ် နင့်သနပ်ခါးတုံးသေတ္တာ ဒီလောက်တောင်ပဲနှမြောသလား အော်လိုက်တာ တကယ်တည်း ငယ်သံများပါလို့ ” တဲ့။ သူခိုးကအဒေါ်တို့အမေကို ပြောသွားသတဲ့“

သတင်းမေး လာရောက်ကြတဲ့ ဧည့်သည်များက အမေပြောတာ နားထောင်ပြီးရယ်မောကြသည်။ အမေက ပြောပြီးပြုံးနေသည်။ အမေသည် စကားကို ညင်သာစွာပြောတတ်သည်။ မျက်နှာ၌ က္ကုနြေ္ဒအမြဲရှိသည်။ အသွင်အပြင်များမှာ အလွန်တရာ ညက်ညောသည်။ သိမ်မွေ့နူးညံ့သည်။ သိက္ခာပျက်လောက်အောင် အမှားအယွမ်းမတွေ့ကြရ။ ခါတိုင်းလိုပင် ရယ်မောစရာရှိလျှင် သွားကလေးပေါ်ရုံလောက်သာ ပြုံးသည်။ သရှက်အကြောက်နှင့်သက်ဆိုင်သည့် မိန်းမပီသရမည်မှန်သမျှ သတိလက်လွတ်ချင်းမရှိ။ ခါတိုင်းကဲ့သို့ပင် ခြေမျက်စိမပေါ်အောင် ထမီကို ရှည်ရှည်ဝတ်ထားသည်။ မိန်းမပီပီ ထိုင်လျှင် အရင်အတိုင်း  ခြေထောက်ကို ထမီနားနှင့် ဆွဲဖုံးထိုင်သည်။ စိတ်ကတောင်တောင်အီအီတခြားသို့ ရောက်နေသော်လည်း မိန်းမတယောက်ဟူ၍ အမြဲထိမ်းသိမ်းထားနိုင်တုန်းပင်။

“ မင်းတို့အမေ စိတ်နောက်တာဟုတ်ပါဘူးကွယ်၊ နေကောင်းပါတယ်” သတင်းလာမေးသူများ သူ့ကွယ်ရာတွင် ထင်မြင်ချက်ပေးကာ ပြန်သွားကြသည်။

အမေသည် နံက်လင်းလျှင် ဘုရား ၀တ်မပျက်၊ အချိန်မှန်မှန်ထ ရှစ်ခိုးသည်။ သံဃာတော်များကို ကိုယ်တိုင်ပင်ဆွမ်းလောင်းသည်။
အိမ်နှင့်မနီးမဝေး ဘုန်းကြီးကျောင်းမှ တုံးခေါက်သံကြားနောက် သံဃာတော်များ မြို့ထဲသို့ ဆွမ်းခံ ကြွကြသည်။ အမေသည် သက္ကလပ် အင်္ကျီထပ်ဝတ်ကာ ပိုးလုံချည်ရင့်ရင့် ၀တ်ဆင်ပြီး အိမ်ပေါ်မှဆင်းလားသည်။ အိမ်ဝတွင် စားပွဲနှင်တင်ထားသော ဆွမ်းဇလုံကို ကိုင်ပိုက်၍ ဖိနပ်ချွတ်ကာ ဆွမ်းထွက်လောင်းသည်။ ဘုန်းကြီးတွေလွန်သွားသောအခါ ဆွမ်းဇလုံကို စားပွဲပေါ်ပြန်တင်ပြီး ဈေးဘက်သို့ထွက်သွားလေသည်။
ဈေးထဲက “လာပါဒေါ်ဒေါ် ထိုင်ပါဦး” ဟု ဆီး၍ ခရီးဦးကြိုခေါ်ငင်ကြလျှင် ၀င်ထိုင်ပြီး အာလာပသလ္လာပ စကားများကို ချေချေငံငံ ပြန်ပြောသည်။ အတော်ကလေး စကားလက်ဆုံ ကြပြီးမှ ဆိုင်တွင်ရှိသော အဖိုးတန်ပိုးထည်များကိုစိတ်တိုင်းကြ  တဆင်ပြီးတဆင် ရွေးခြယ်ကာ ဖြတ်စေပြီး အကြွေးယူလာခဲ့သည်။
အမေသည် ဆိုင်မှဝယ်လာသမျှကို အိမ်သို့ယူမလာဘဲ သူပေးချင်သည့်သူကို သွားပေးလိုက်သည်။ အမေပေးသော ပစ္စည်းများကို အချို့ကလည်းလာပြန်ပေးကြသည်။ အချို့မှာလည်းယူထားလိုက်ကြသည်။
ကြွေးဆပ်ရဖန်များလာမှ ဆိုင်များကိုအကြွေးမပေးရန်လိုက်ပိတ်ထားရသည်။ အမေသည် အကြွေးယူမရတော့၍ အ၀တ်အထည်ကောင်းများကို အောက်မှခံဝတ်လျှက် အမှတ်တမဲ့ အိမ်ကထွက်သွားကာ ပေးချင်သူကို ချွတ်ပေးခဲ့သည်။ အိမ်ပြန်ရောက်လျှင် အိပ်ရာထဲဝင်နေတော့သည်။
အမေသည် ယောက်ယက်ခတ်လာလေသည် အာရုံအမျိုးမျို ပြောင်လှဲဆွဲဆောင်ရာသို့လိုက်ကာ နှမြောရမှန်းမသိဖြစ်လာသည်။ ယခင်က ကြောက်သည့်စိတ်၊ လန့်သည့်စိတ်ဖြစ်နေရာတွင် ပေးချင်ကန်းချင်စိတ်ပါ ဖြစ်လာပြန်ပေသည်။

(၃)

တစ်နှစ်တာ၏ သတုသုံးပါးတွင် မိုးဥတု၌သာ အမေ့ကို အိပ်ရာထဲတွင် တစ်မိုးတွင်းလုံးတွေ့မြင်ရသည်။
မိုးမှာမပြတ်မပြတ် သည်းထံစွာရွာသွန်း၍ လေးလံထိုင်းမှိုင်းနေကာ အိမ်ပြင်သို့မထွက်ဘဲ အအိပ်အနေများနေလေသည်။ မိုးကုန်၍ ဆောင်းဝင်လာသည်နှင့် အမေမှာ သွက်လက်လှုပ်ရှားထကြွနေလေသည်။ အမေသည် နေ့ခင်းကြောင်တောင် ပိုးဆောင်ကလေးကိုခြုံကာ အိမ်ပေါ်က ဖြေးညှင်းစွာဆင်းလာသည်။ မုန့်သေတ္တာဗူးလေးနှစ်ဗူးကို ထပ်ကာပိုက်လျှက် လှေကားထစ်များကို တစ်ထစ်ပြီးတစ်ထစ် ဖြေးဖြေးဆေးဆေး ဆင်းလာသည်။ အမေမှာ အသက် ၅၀ ကျော်သော်လည်း ရုပ်ရေ အင်မတန်တင်သည်။ အစားမမှန် အအိပ်မမှန် ကပေါက်ချိကပေါက်ရှာ ရှိနေလျှက်နှင့် ကပေါက်ချိကပေါက်ချာဖြစ်မှန်းမသိနိုင်အောင် ဆောင်ထားနိုင်သည့် စွမ်းအားရှိသည်။ ရုပ်လက္ခဏာ အမူအရာများမှာ နဂိုပင်ကိုဟန်အတိုင်းလိုပင်ရှိနေသည်။
နူးညံ့ဖြူစွတ်သောအသားအရည်၊ နီမြန်းသောနှုတ်ခမ်း၊ ဖြောင့်တန်းသော နှာတံ၊ ထက်မြက်ဆူးရှသည့် မျက်လုံး၊ ထောင်ထောင်မောင်းမောင်း မြင့်မားနေသည့် ကိုယ်လုံးကိုယ်ထည်တွင် ပိုးအင်္ကျီ၊ ယောလုံချည်အသစ်စက်စက်နှင့် ပိုးစောင်အဖြူကို ရွရွလေးခြုံလွှမ်းထားသည်မှာ အသက်အရွယ်နှင့် မဟက်မိစေအောင် အယဉ်ဆုံး၊ က္ကုနြေ္ဒအရဆုံး၊ တင့်တယ်ခန့်ညား လှပလျှက်ရှိသည်။

“ အမေဘယ်သွားမလို့တုန်း..ဘယ်ကိုတုန်းအမေရဲ့... ဒီမုန့်သေတ္တာဗူးတွေကို ဘယ်ကိုယူသွားမလို့လဲ အမေရဲ့ ”

သိချင်ဇောဖြင့် မုန့်သေတ္တာဗူးတွေကို လှန်းကိုင်လိုက်ရာအမေသည် အထိမခံပဲ ဗူးများကို တင်းကျပ်စွာပိုက်ထားသည်ရင်း “ ဖယ်စန်းပါ အမေ ဘုန်းကြီးကျောင်းသွားမလို့ပါ ” ဟု ပြောပြောဆိုဆို လှမ်းဆင်းလိုက်သည်။

“ အမေ အရင်ကလို အိပ်ရာထဲအိပ်နေတာကကောင်းပါသေးတယ် ခုလို ဟိုထွက်သွား ဒီထွက်သွားနဲ့မကောင်းပါဘူး အမေရယ်...ညနေမှ သွားပါနော် ”

သမီးစကားကို အမေနားထောင်ရရိုးမရှိသောမျက်နှာမျိုး တင်းတင်းထားကာ လှေကားရင်းရှိ ထီးစင်မှ ပုသိမ်ထီးကို ဆက်ကနဲဆွဲယူပြီး “ ဖွင့်လိုက်စမ်း ” ဟု ခိုင်းသည်။ အသံမှာ မိခင်၏ အုပ်စိုးသောအသံမျိုးဖြင့်၍ ထီးကိုဖွင့်ပြီး ရိုရိုသေသေ လှမ်းပေးလိုက်ရသည်။ အမေသည် တည်ကြည်သော က္ကုနြေ္ဒကြီးနှင့် ပုသိမ်ထီးကိုမိုးလျှက် စိုက်စိုက် စိုက်စိုက်နှင့် ဘုန်းကြီးကျောင်းသို့ ထွက်သွားလေသည်။
ဘုန်းကြီးကျောင်းသို့ အမေသွားလျှင် စောင်မတင်ပဲ အမေသွားလေ့မရှိ လှူဖွယ် ၀ထ္ထုမပါဘဲဖြင့်လည်း မသွားတတ်၊ အ၀တ်အစားလည်း လဲဖယ်ပြီးသွားတတ်သည်။
တခြားသွားမည့်အစား ဘုန်းကြီးကျောင်းသွားသည်ကို ၀မ်းသာအားရဖြစ်ရသည်။ အမေ့အတွက် ကျောင်းကသာ ချမ်းသာစရာ၊ အေးငြိမ်းရာ ဖြစ်စေနိုင်မည်ဟု အောက်မေ့မိသည်။
အမေသည် အတန်ကြာမှ န်ြရောက်လာသည်။ “ အမေ ဆရာတော်နဲ့တွေ့ခဲ့လား ” ဟု စီးမေးကြည့်သည်။
အမေသည် စကားပြန်မပြောပဲ ထီးကိုသာလှမ်းပေးကာ အပေါ်သို့ တန်းတက်သွားသည်။
အပေါ်မရောက်ခင် လှေကားတ၀က်လောက် ပြန်လှည့်ဆင်းလာပြန်သည်။

“ အမေ ဘာလိုချင်သလဲ.. ဘာလုပ်မလို့လဲ ”

အမေသည် ဘာမှန်းမသိ ဆိုးရိမ်ပူပန်လျှက်ရှိပြန်၏။ အမေခေါင်းထဲ၌ လွတ်ရာလွတ်ကြောင်းကိုရှာဖွေကြည့်သည်။ ဟိုဟို ဒီဒီ လျှောက်၍ ကြည့်ပြီးနောက် ပြန်တက်သွားပြန်သည်။ အမေသည် ကုတင်ပေါ်၌ ခြေချထိုင်ကာ ငေး ငိုင်နေသည်။ အ၀တ်အစားများကို လဲလှယ်ကာ ခြေရင်းက သေတ္တာပေါ်တွင်ပုံတင်ထားသည်။

“ အမေ ဆေးသောက်ပါ ”

အမေသည် ဆေးခွက်ကို လှမ်းယူပြီး မသောက်ပဲ ကိုင်ထားသည်။ အ၀တ်များကို သွားဆွဲခေါက်ရင်း “ သောက်ပါအမေ ” ဟု လှမ်းပြောရသည်။ အမေမှာ ဆေးခွက်ကိုကိုင်ကာ ငေးမော စဉ်းစားနေလေသည်။

     ဆက်ရန်
                ( ဂျာနယ်ကျော် မမလေး)

No comments:

Post a Comment